Sunday, January 15, 2012

ယုံကြည်ချက်ဖြင့်အကျဉ်းကျနေသူများလွတ်မြောက်ခြင်း

ခရစ်စ်တော်အကြောင်းကို စတင်ပြောပြခဲ့တဲ့ ကနဦးခရစ်ယာန်များရဲ့ ပေတရု၊ ယောဟန် စတဲ့တမန်တော်များ၊ ရှင်ပေါလု၊ ရှင်မာကု တို့ရဲ့ ယုံကြည်ခြင်းကြောင့် အသက်စွန်ခံပြီး၊ ဘုန်းတော်ထင်ရှားစေခြင်းအားဖြင့် ကယ်တင်ခြင်းသတင်းကောင်းကို လူအများသိရှိ၊လက်ခံခဲ့ကြပါတယ်။ မြန်မာပြည်မှာလည်း ခရစ်တော်အကြောင်းပြောခြင်းကြောင့် အကျဉ်းကျနေသူများစွာရှိပါတယ်။ 13-Jan-2012 မှာ မြန်မာပြည်-သမ္မတကြီးဦးသိန်းစိန်ရဲ့အစိုးရက မမျှော်လင့်ပဲ နိုင်ငံအရေးလှုပ်ရှားသူများဖြစ်တဲ့ ရှစ်လေးလုံးကျောင်းသားခေါင်းဆောင်များ (ယခုအခါ အားလုံး ၄၀-၅၀အရွယ်)၊ ၂၀၀၇သံယာအရေးခင်းလှုပ်ရှားသူများ၊ အခြားဒီမိုကရေစီအရေးလှုပ်ရှားသူများစွာကို အကျဉ်းထောင်များမှလွှတ်ပေးလိုက်ပါတယ်။ ထောက်လှမ်းရေးခေါင်းဆောင်ဗိုလ်ချုပ်များ၊ ဦးနေ၀င်း(ကွယ်လွန်)ရဲ့ မြေးများလည်းပါဝင်ပါတယ်။ အားလုံးဝမ်းသာကြပါတယ်။

ခရစ်ယန်ညီအစ်ကိုများ CMF ထုတ်လုပ်ခဲ့တဲ့ မြန်မာပြည်ကြီးကိုချစ်ပါသီချင်းလည်း ပျော်ရွှင်စွာနားထောင်ရပါတယ်။
http://murann.com/burma2012.htm

ဝမ်းနည်းကြေကွဲမှုများစွာ .. ရှိပါတယ်။ ခရစ်တော်အားဖြင့်သာ အခက်ခဲ၊ကျေကွဲ၊နာကျည်းမှုများကို ပပျောက်နိုင်ပါတယ်။ ဦးဆောင်သူများ၊ ယုံကြည်ချက်ကြောင့်အကျဉ်းချခံရသူများ ..အားလုံး ပြည့်စုံသောသူ၊ ဖြောင့်မတ်သောသူ တယောက်မှမရှိပါ ..လို့ ကျမ်းစာမှာရေးထားပါတယ်။ မိမိဘာတွေမှားသွားခဲ့သလဲဆိုတာ သိရပါမယ်။ သူများမှားတာကို သိမဲ့အစား ..မိမိအမှားကိုသိရှိမှ .. ရှေ့ဆက်ခရီးရှည်မှာ ချောမွေ့ပါမယ်။ ရင်ကြားစေ့စပ်ခြင်းဆိုတာ မိမိအမှားကိုသိရှိခြင်းပါ။ ဦးဆောင်သူများရဲ့ ကျိုးပဲကျေမွသောနှလုံးသားနဲ့ အမှားများကို ၀န်ချတောင်းပန်တဲ့စကားများ၊ အမူအရာများ၊ လုပ်ဆောင်မှုများကို အမြဲသတိရ၊အောက်မေ့ရန်ဖြစ်ပါတယ်။

ဖာရိရှဲများက သခင်ယေရှုကို စမ်းသပ်ဖို့ မကောင်းတဲ့မိန်းမတယောက်ကို ရှေ့တော်ခေါ်လာပြီး ကျမ်းစာအရ ခဲနဲ့ပေါက်သတ်ရမလားလို့ မေးပါတယ်။ ယေရှုဟာ စကားတခွန်းမှမပြောပဲ မြေကြီးကိုသာ ခြစ်ရေးနေပါတယ်။ ပြီးမှ သူတို့ကိုကြည့်ပြီး၊ အပြစ်မရှီသူကစပြီး လုပ်ပါလို့ ပြောတယ်။ အပြစ်အကြီးဆုံးဖါရိရှဲကစပြီး အားလုံးပြန်သွားကြပါတယ်။ တဖန်ယေရှုက တယောက်ထဲကျန်နေတဲ့ မကောင်းတဲ့မိန်းမကို သွားတော့၊ နောက်တဖန်မလုပ်ပါနဲ့တော့ ..လို့ပြောပြီး၊ ပြန်လွှတ်လိုက်ပါတယ်။

အားလုံး လွတ်မြောက်ခြင်းလမ်းစကနေ အနစ်နာခံတဲ့ခေါင်းဆောင်များနောက် လိုက်လျှောက်နိုင်ပါစေ။

ဇော်အောင် (မုံရွာ)
၁၅-ဇန္န၀ါရီ-၂၀၁၂

0 comments: