Thursday, June 28, 2012

ငြင်းခုံခြင်းကို အနိုင်ယူလိုရင်၊ -ဟေရှာယ၏ယေရှုနည်းလမ်း

 ထိုသူသည် ညှင်းဆဲခြင်းနှင့် နှိမ့်ချခြင်းကိုခံ၍ နှုတ်ကို မဖွင့်ဘဲနေ၏၊၊ အသက်သတ်ခြင်းငှါ ဆောင်သွား သော သိုးငယ်ကဲ့သို့သူ့ကို ဆောင်သွား၍၊ သိုးသည် အမွေးညှပ်သော သူရှေ့မှာမမြည်ဘဲနေသကဲ့သို့၊ သူသည် နှုတ်ကိုမဖွင့်ဘဲနေ၏၊၊ ဟေရှာယအနာဂတ္တိကျမ်း:၅၃း၇

မစ္စတာဖိုင်း ဆိုသော ဆူပါဗိုင်ဇာက အင်ဂျင်နီယာကြီး မစ္စတာစိုး ခိုင်းတာကို မလုပ်ပဲ၊ သံမဏိများကို ဂဟေဆော်၊ ဖြက်ထုတ်၊တပ်ဆင်ရာတွင် နှစ်ယောက်သား အခက်အခဲဖြစ်နေသည်။ နောက်ဆုံးတွင် ဆူပါဗိုင်ဇာ မစ္စတာဖိုင်းက ရိုးသားစွာ အင်္ဂလိပ်စကား အကောင်းဆုံးသုံးပြီး စကာတခွန်းပြောသည်။  You dont talk too much, you talk many and I have problem လို့ဆိုလာပါတယ်။ အင်ဂျင်နီယာကြီးလည်း ထောင်းကနဲဒေါသဖြစ်သွားတယ်။ တကယ်တော့ ဒီကောင်က ကိုယ်ခိုင်းလိုက်ရင် အတွန့်အတက်လုပ်ပြီး၊ ဟိုလိုကောင်းတယ်၊ ဒီလိုကောင်းတယ် ...ပြန်ပြန်ပြောနေကျဆိုတော့

သည်းခံနားထောာင်နေတာကြာပြီ၊ အလုပ်အတူစလုပ်ခါစဆိုတော့ သူ့ကို ကိုယ်နဲ့အတူရေရှည်အလုပ်လုပ်ဖို့ Training Period ဆိုတော့ သည်းခံနားထောင်ရင်း၊ အလုပ်ပြီးမြောက်အောင်လုပ်ဖို့.. အခုတော့ ကိုယ့်ဆရာကိုတောင် You don't talk too much ပြောလာတဲ့အထိ အတင့်ရဲ၊ ခံပြောလာပြီဆိုတော့ ဘာလုပ်ရလဲ။ ဟေ့ကောင် .. မင်းကပဲ စကားများပြီး၊ ခိုင်းတာမလုပ်ပဲ ..မင်းကပဲငါ့ကိုစကားများတယ် ..တယ်  ဆိုပြီး၊ အော်ပစ်လိုက်ချင်တယ်။  ရုတ်တရက် .. ဘုရားသခင်မျက်နှာကို စေ့စေ့ကြည့်လိုက်မိတော့ ဟေရှာယ ၅၃း၇ ကို မြင်လိုက်ပါတယ်။

ကျွန်တော်တို့ ဘုရားသခင်ဟာ အမြဲတမ်း ပုံသက်သေနဲ့ ၀ိညာဉ်ရေးအားပေးချက်များကို နားလည်စေပါတယ်။ အသံမမြည်တဲ့သိုးသငယ်ကဲ့သို့ အသေခံပြီး၊ ကျွန်တော်တို့ကို အပြစ်၊ဒဏ်ချက်များမှ ကယ်ထုတ်ယူပါတယ်။ အသင်းတော်က သင်းအုပ်အမြဲပြောတဲ့ ပြသနာဖြေရှင်းနည်းက ၂ဖက်သောသူများ ဒေါသ၊ အတ္တစိတ်တွေနဲ့ အပြန်အလှန်ပြောဆို၊ငြင်းခုံ၊ ထိုးကြိတ်၊ တွန်းထိုး နေတဲ့ လောကကြီးမှာ သိပ်ခက်ခဲလာရင် ဘာမပြန်မပြောတော့ပဲ၊ အမွှေးညှပ်သိုးသငယ်ကဲ့သို့ ငြိမ်သက်စွာနေလိုက်ခြင်းဟာ အဖြေဖြစ်တယ် ဆိုတာ တစက္ကန့်ရဲ့ အပိုင်းလေးတခုအတွင်း သတိရ၊ နှလုံးသွင်းလို. က်မိပါတော့တယ်။

မီးဝင်းဝင်းတောက်တဲ့ မျက်လုံးကို ဆူပါဗိုင်ဇာ မစ္စတာဖိုင်းဆီက လွှဲပြီး၊ ခေါင်းငုံ့ရင်း သခင်ခရစ်တော် ယေရှုကို မတရားစီရင်တဲ့ လူထု၊ ယာဇ်ပရောဟိတ်များရှေ့မှာ နေသလိုပဲ စိတ်လျှော့လိုက်ပါတယ်။

အေးကွာ.. ငါကိစ္စတခုရှိလို့၊ ရုံးကို ခဏပြန်လိုက်ဦးမယ်၊ ဒီအလုပ်တွေ ခဏရပ်ထားလိုက်ပါဦး၊ ပြီးမှ ခင်ဗျားဆီ ပြန်လာမယ် ..ပြောပြီး ရှောင်ပေး၊ ထွက်ခွာလာခဲ့ပါတယ်။ အလုပ်က ရပ်ထားလို့ရပါတယ်။ ခဏ  ရှောင်ပြေးလို့ရတော့ မဆိုးသေးဘူး ပြောရမယ်။

အဲဒီနေ့ အလုပ်သမား စူပါဗိုင်ဇာမစ္စတာဖိုင်းအကြောင်း မေ့ထားပြီး၊ တခြားအလုပ်တွေပဲ ဖိလုပ်လိုက်တယ်။ မစ္စတာဖိုင်းက ဖုန်းလည်းခေါ်တယ်။ သူအလုပ်ဆက်လုပ်ဖို့ မေးတော့၊ ခဏနေပါဦးပဲ ပြောလိုက်တယ်။ ကျွန်တော့ ရုံးခန်းကို ညနေရုံးမဆင်းခင် မစ္စတာဖိုင်း ၀င်လာတွေ့ပြီး၊ မေးပြန်တယ်။ တခြားအလုပ်တွေရှိနေလို့ ခင်ဗျားအလုပ်ကို ခဏနားစေချင်တယ် ..လို့ပြောပြရတယ်။ မတူညီတဲ့ အကြံစည်၂ခုမှာ ..ဟေ့၊ မင်းက အင်ဂျင်နီယာခိုင်းတာ လုပ်ရမယ် .. လို့ အာဏာသုံးပြီး၊ ပြောမိရင် ပြသနာပိုးကြီးလာနိုင်တယ်။ Communication is the most difficult issue for Problem Solving ဆိုတာ မစ္စတာဖိုင်း၊ သဘောပေါက်မှာပါ။ သူကတော့ အနိုင်ရတဲ့လူပုံစံနဲ့ ဘော့စ်ဖြစ်သူ ကျွန်တော့်ကို အကြပ်ကိုင်တယ်။

နောက်တနေ့  တခြားလွယ်ကူတဲ့အလုပ်တခု မစ္စတာဖိုင်း တို့အုပ်စုကို လုပ်ခိုင်းလိုက်တယ်။ ကျွန်တော့်ကို စကားသိပ်မပြောပါနဲ့ ..သတိပေးလိုက်တဲ့ မစ္စတာဖိုင်းကို ဒေါသဖြစ်နေတာတွေ ရော့သွားပြီး၊ သေချာပြန်စဉ်းစာတော့ သူလည်းစကားများတယ်။ ကိုယ်လည်းစကားများတယ် ဆိုတာ ဟုတ်တယ်လို့ သိလာရတယ်။ ကိုယ်က အကြီးဆိုတော့ ကိုယ်ပဲ စကားလျှော့ချပြီး၊ အလုပ်ပဲလုပ်ဖို့ ဆုံးဖြတ်ရတယ်။  နောက်၂ရက်ကြာတော့ ၂ယောက်စလုံး  သွေးအေးသွားပြီး၊  အရင်ပြသနာဖြစ်တဲ့အလုပ်ကို ပြန်လုပ်ကြတယ်။ ဒီတခါတော့ ကျွန်တော်ခိုင်းတဲ့အတိုင်း အတွန့်မတက်တော့ပဲ မစ္စတာဖိုင်း လုပ်ပေးရှာပါတယ်။

ဒါကြောင့် Management Solution တခုကတော့ ပြသနာဖြစ်လာရင်၊ ငြိမ်သက်စွာ သခင်ယေရှု ကားတိုင်ပေါ် တက်သွားသလို၊ စွန့်လွှတ်၊ နှိမ့်ချခြင်းနဲ့ ဖြေရှင်းရပါတယ်။ မြန်မာပြည်က အဆင့်မြင့်ထိပ်တန်းရာထူးရောက်နေတဲ့ သူငယ်ချင်းတယောက်ကပြောတယ်။ အစိုးရအလုပ်တွေ အရမ်းခက်ခဲလာတဲ့အချိန် ဘာလုပ်ရမှန်းမသိတော့ .. ဆေးခွင့်ယူပြီး၊ ငြိမ်သက်စွာ ၂ရက်လောက် နေလိုက်မိတယ်။ ပြသနာက အလွန်အရေးကြီးပြီး ဆုံးဖြတ်ပေးရမဲ့လူက ဆေးရုံရောက်နေတော့ ကျန်တဲ့လူတွေ ဆက်လုပ်ကြတယ် ... ကိုယ်မပါလည်း၊ ယန္တယားကြီးကတော့ လည်ပတ်နေတာပဲဗျာ .. တဲ့။

ဟုတ်ပါတယ်။ လောကမှာ ကိုယ်သေရင် ဒုက္ခပါပဲ၊ ငါမရှိရင်၊ ငါသေသွားရင် ..နင်တို့တော့ ခွေးဖြစ်လိမ့်မယ် ..ဘာညာ ပြောပြီး၊ ငြင်းခုန်နေစရာမလိုပါဘူ။ ဒေးကာနယ်ဂျီ ရေးတဲ့ စာအုပ်မှာ  ငြင်းခုံခြင်းကို အနိုင်ယူလိုရင်၊ ပြန်မပြောပဲ နားပဲထောင်လိုက်၊ ငြိမ်နေလိုက်ပါ ... ဟူသတည်း။



ထိုသူသည် ညှင်းဆဲခြင်းနှင့် နှိမ့်ချခြင်းကိုခံ၍ နှုတ်ကို မဖွင့်ဘဲနေ၏၊၊ အသက်သတ်ခြင်းငှါ ဆောင်သွား သော သိုးငယ်ကဲ့သို့သူ့ကို ဆောင်သွား၍၊ သိုးသည် အမွေးညှပ်သော သူရှေ့မှာမမြည်ဘဲနေသကဲ့သို့၊ သူသည် နှုတ်ကိုမဖွင့်ဘဲနေ၏၊၊
ဟေရှာယအနာဂတ္တိကျမ်း:၅၃း၇


No comments: