Saturday, November 29, 2014

ဘုရားရှိခိုးကျောင်းနဲ့ကျမ်းစာကျောင်း - မုရန်


ခရစ်ယာန်တစ်ယောက်အဖို့ တပါတ်တကြိမ် ဘုရားကျောင်းသွားခြင်းဟာ မလုပ်မနေရလို့၊ သတ်မှတ်ထားပါတယ်။ ဘုရားကျောင်းကို အပါတ်စဉ်သွားခြင်းက အခြားယုံကြည်သူ မိတ်ဆွေများနဲ့ မိတ်သဟာရ ဖြစ်စေပါတယ်။
.
မြန်မာနိုင်ငံ ဦးနောနှစ်ခြင်းအသင်းတော် ထုတ်ဝေတဲ့ ဓမ္မသီချင်းစာအုပ်မှာ၊ မိသားစုညဝတ်ပြုခြင်းအတွက် အလှည့်ကျအပြန်အလှန်ဖတ်ရန် ကျမ်းပိုဒ်တွေ ရေးထားပါတယ်။ အသင်းတော်တို့ ဝန်ခံနည်းငါးပါ...ကိုလည်း မိသားစုလိုက်နာဖို့ပါ။
.
၁။ နံနက်တိုင်း၊ နံနက်တခါ၊ ညတစ်ခါ၊ အသီးသီး တစ်ယောက်တည်းဆုတောင်းရမည်။
၂။ နေ့တိုင်း နံနက်တခါ၊ ညတခါ၊ အိမ်သူအိမ်သားများ စည်းဝေး၊ကျမ်းစာဖတ်၊ဆုတောင်း အမြဲပြုရမည်။
၃။ နံနက်စာ၊ ညစာ မစားမီ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွှမ်း၊ ကောင်းကြီးမင်္ဂလာကို ဆုတောင်းရမည်။
၎။ ဆိုးသွမ်းသော သူတို့ကို အပေါင်းအဖေါ်မလုပ်၊ သူတို့ထုံးစ၊ သူတို့ထုံးစံဓလေ့သို့ မလိုက်၊ သတိနှင်ရှောင်ရမည်။
၅။ သေရည်သေရက်ကို ဆရာသမားမစီရင်ပဲ၊ ကိုယ့်အလိုအလျှောက် မသောက်မစား၊ သတိနှင့်ရှောင်ရမည်။ ... လိုကရေးသားထားပါတယ်။ ဒါကတော့ နှစ်ခြင်းခရစ်ယာန်တို့ ကျင့်စဉ်ပါ။ ခေတ်နဲ့အညီ ပြောင်းလဲစရာတွေ ရှိမှာပါ။
.
.
အသင်းတော်၏အဓိကတာဝန်

လူတိုင်းသိပါတယ်။ နှုတ်ကပါတ်တော်ကို ဒေါင်ဒေါင်မြည်အောင် သင်ကြားပို့ချခြင်းဟာ အသင်းတော်ရဲ့အဓိက လုပ်ငန်းဖြစ်ပါတယ်။ (ယေဘူယအားဖြင့်တော့ ..အသင်းသားများနဲ့လူအများကိုတော့ နှစ်သိမ့်မှု၊ဝမ်းမြောက်မှုပေးဖို့ပါ။ - ဖြည့်စွတ်ချက်ပါ)။ သင်းအုပ်များသာမက၊ အသင်းတော်လူကြီးများ၊ တာဝန်ခံများအားလုံး ကျမ်းစာသင်တန်း၊ အပတ်စဉ်ကျမ်းစာဆွေးနွေးပွဲများ လုပ်ခြင်းဟာ ဒေါင်ဒေါင်မည် အသင်းတော်များရဲ့ တာဝန်ဖြစ်ပါတယ်။
.
ဒါပေမဲ့ လက်တွေ့မှာတော့ အသင်းတော်တွေဟာ အသင်းသားအုပ်စုလေးအတွက်ပဲ၊ နှစ်သိမ့်မှုပေးတဲ့ အလုပ်ပဲလုပ်နေကြတာကို ဝမ်းနည်းစရာ တွေ့ရပါတယ်။ ဒါကြောင့်ပဲ အသင်းတော်ဆိုတာ လူတွေကို အသင်းသားအခြင်းခြင်း နှစ်သိမ့်မှုပေးတဲ့အလုပ်တွေပဲ အများဆုံးလုပ်ကြပါတယ်။
.
သင်းအုပ်တွေက အသင်းတော်မှာ အလှုငွေကောက်ဖို့၊ အလှုငွေထည့်ဖို့ တိုက်တွန်းနှိုးဆော်မှု များတတ်ပါတယ်။ လူမှုရေးအသင်းတော် ဖြစ်လာချိန်မှာ ငွေလိုလာပါတယ်။ အသင်းသားများ နာရေး၊ သာရေး၊ အချင်းချင်းကူညီမစရေး၊ အစားအသောက်၊ အပြင်သွားလည်၊ ညအိပ်ခရီးများ၊ စားပွဲသောက်ပွဲများစွာ ဖြစ်လာလေ့ရှိပါတယ်။
.
အသင်းတော်မှာ အုန်းမစ်ရှင် ဆိုတာရှိပါတယ်။ အင်္ဂလိပ်လို own mission လို့ခေါ်ပါတယ်။ နှစ်စဉ် ဘတ်ဂျတ်ဆွေးနွေးပွဲတွေမှာ ကိုယ့်ရဲ့မစ်ရှင်၊ အဖွဲ့အစည်းအတွက် ပိုက်ဆံ ဘတ်ဂျတ်တောင်းခံခြင်းတွေ လုပ်ကြပါတယ်။
.
ဥပမာ..။
*သင်းအုပ်အကြီးဆုံးက တခြားသင်းအုပ်တွေရဲ့ လစာ၊စရိတ်ဘိုး ဘတ်ဂျတ်တောင်းပါတယ်။ သူ့လူအတွက် တောင်းပေးမှ သူ့လူ ၊ သင်းအုပ်အဖွဲ့ စားဝတ်နေရေးအဆင် ပိုပြေလာအောင် လုပ်ရခြင်းဖြစ်ပါတယ်။
*မစ်ရှင်ဘတ်ဂျတ်ကို တင်ပြပါတယ်။ ကိုယ့်ဒေသ၊ ကိုယ့်မစ်ရှင်အတွက်၊ ကိုယ်စခဲ့တဲ့ မစ်ရှင်လုပ်ငန်းကို ငွေဆက်ပြီးထောက်ပံ့ဖို့ ပြောဆို၊ငွေတောင်းကြပါတယ်။
*တရားပလ္လင်အဖွဲ့၊ ကျမ်းစာသင်အဖွဲ့၊ ဆန်းဒေးစကူးအဖွဲ့၊ သံစုံသီချင်းအဖွဲ့၊ ခေတ်ပေါ်ချီးမွမ်းသီဆိုခြင်းအဖွဲ့၊ အဆောက်အဦရံပုံငွေအဖွဲ့ (အသင်းတော်အဆောက်ဦးကြီးကြီး၊လှလှ လုပ်ချင်သူအဖွဲ့)။ ကျမ်းစာကျောင်းသား-ထောက်ပံ့ရေးအဖွဲ့၊ အမျိုးသားအဖွဲ့၊ အမျိုးသမီးအဖွဲ့၊ လူငယ်အဖွဲ့၊ ခရစ်စမတ်၊အီစတာ ပွဲတော်ကြီးများ ကုန်ကျစရိတ် ..စတဲ့ ဘတ်ဂျတ်တွေ ခွဲဝေယူကြပါတယ်။
*အံ့သြစရာကောင်းတာကတော့၊ ဆင်းရဲသား၊ မိဘမဲ၊ မုဆိုးမ၊ နာမကျန်းဆေးရုံတက်သူ အသင်းသားများအတွက် ပိုက်ဆံတောင်းပေးမဲ့သူ မရှိသလောက်ပဲ ဖြစ်ပါတယ်။ ဒါတွေလုပ်နေလို့ အသင်းတော်မှာ လူကြိုက်နည်းမှာသေချာလို့ ဖြစ်ပါတယ်။
*သန့်ရှင်းရေးနဲ့မီဒီယာ လုပ်ငန်းကို အခမဲ့လုပ်ပေးရမယ်၊ လုပ်တဲ့လူကို ကျေးဇူးလဲမတင်ကြပါဘူး။ ဘတ်ဂျတ်လဲ မပေးချင်ကြပါဘူး။
.
.
အသင်းတော်ဆိုသည်မှာ
.
နောက်ဆုံးတော့ အသင်းတော်ဆိုတာ ကိုယ့်အုပ်စုကလေးပဲ အချင်းချင်း၊ ကျေနပ်အောင်၊ နှစ်သိမ်းပေးတဲ့ အုပ်စုကလေး တစ်ခု ဖြစ်နေတာများပါတယ်။ ဒါကြောင့် လူတွေကို နှစ်သိမ့်၊အားပေးတဲ့ စကားချိုချိုလေးတွေ၊ နှုတ်ကပါတ်တော်နဲ့  ဘဝကို ကျေူနပ်ဖို့၊ ချစ်ခြင်း၊ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း.. စတဲ့ တရားတွေကိုပဲ ဘုရားသခင်နဲ့တိုင်တည်ပြီး၊ ဆုတောင်းပေးခြင်းတွေနဲ့ ပြည့်လျှံနေလေ့ရှိပါတယ်။
.
ကျမ်းစာထဲမှာတော့ ခရစ်တော်ကို အသင်းတော်များရဲ့ဦးခေါင်းဖြစ်တယ်လို့ ဆိုပါတယ်။ အသင်းတော်မှာမှ သင်းအုပ်၊ သင်းထောက်၊ တာဝန်ခံများ၊ အသင်းသားများ..စသဖြင့် ယုံကြည်သူများရှိပါတယ်။
.
ဒီလိုအသင်းတော်မှာ ငရဲအကြောင်းလဲ မပြောပါဘူး။ မကောင်းတဲ့အကျင့်တွေအကြောင်း မပြောပါဘူး။ အထူးသဖြင့် လင်မယားရန်ဖြစ်ခြင်း၊ တယောက်နဲ့တစ်ယောက် ငြူစူ၊အော်ဟစ်၊ ချောက်တွန်းခြင်း၊ မနာလိုရန်လိုခြင်း၊ မတရားလုပ်ခြင်း စတဲ့အကြောင်းတွေကို မပြောပါဘူး။ အထူးသဖြင့် လိင်ကိစ္စဖေါက်ပြန်ခြင်းများကို သင်းအုပ်များ မပြောရဲပါဘူး။ အသင်းသားတွေမှာ လိင်ကိစ္စပြသနာတွေက အများဆုံးဖြစ်တော့ ... မပြောတာပဲကောင်းတယ်လို့ ခံယူကြတာဖြစ်မှာပါ။  ဆုံးမသွန်သင်ချက်တွေမှာ မတရားသောမေထုန်၊ အကျင့်ပျက်၊ လိင်ရှုပ်ထွေးမှုများ သွန်သင်ချက်ကို သင်းအုပ်တွေ မဟောကြပါဘူး။ အသင်းသားတွေ ငြူစူခြင်းကို မခံနိုင်ပါဘူး။
.
ဒါကြောင့် ငရဲအကြောင်း၊ လိင်ကိစ္စအကြောင်း၊ ဆယ်ဖို့တစ်ဖို့အကြောင်းများကို ဧည့်သည်ဆရာများက ဟောကြားပေးရလေ့ ရှိပါတယ်။
.
ကမ္ဘာကျော် အမေရိကန်ဆရာကြီးများစွာ ဂျူဝယ်အော်စတင်၊ ဂျိုးဇက်ပရင့်စ် စတဲ့ ကြွယ်ဝခြင်း၊ ချမ်းသာခြင်းတရားများဟာ လူတွေကို အဓိက နှစ်သိမ့်မှုပဲ ပြောပါတယ်။ သူတို့ဟာ ဘာသာစုံ၊ လူမျိုးစုံတို့အတွက် နှစ်သိမ့်မှုကိုပေးတဲ့ ကျမ်းပိုဒ်တွေပဲ ထုတ်နုတ် ဟောကြားပါတယ်။ တေးဂီတာဝိုင်းကြီးနဲ့ ဓမ္မသီချင်းများကို သီဆိုရင်း၊ တက်ရောက်လာသူများ ကျေနပ်၊နှစ်သိမ့်၊ခွန်အားရရှိပြီး၊ ဘုရားသခင်ကို အားကိုး၊ ရောဂါဝေဒနာများပျောက်ရမယ်၊ ငွေကြေးလဲ ပြည့်စုံလာမယ် ဆိုတဲ့ မျှော်လင့်ချက်တွေ ရလာပါတယ်။
.

လူကြိုက်များ သင်းအုပ်၊ ဧဝံဂေလိဆရာများ
.
လူတွေအများကြီးလာတဲ့ ခရစ်ယာန်တရားဟောဆရာကြီးများကို သင်းအုပ်ဆရာလေးများက ဝေဖန်ကြပါတယ်။ ကျန်းမာခြင်းတရား၊ ငွေချမ်းသာခြင်းတရားလို့ ပြောကြပြီး လူတွေကို နှစ်သိမ့်မှုပေးကြပါတယ်။
.
သခင်ယေရှုနဲ့ဆန်းစစ်ကြည့်ရင်၊ ယေရှုကိုယ်တိုင် အနာရောဂါကင်းခြင်း၊ ရေကို ဝိုင်အဖြစ်ပြောင်းလဲစေခြင်း၊ မုန်ငါးလုံးငါးနှစ်ကောင်-လူ၅၀၀၀ကို ကြွေးမွေးခြင်း၊ အထူးသဖြင့် အနာရောဂါ၊ နတ်ဆိုးနှင်ခြင်းများ၊ သေသူကိုပင်ပြန်ရှင်စေခြင်း...လုပ်ရပ်များကြောင့် လူတွေသောင်းသောင်းဖြဖြ လိုက်ကြပါတယ်။ နောက်ဆုံးတော့ လက်ဝါးကပ်တိုင်တရားကို ပြောတဲ့အခါ၊ ယာဇ်ပရောဟိတ်များကိုပင် ဆုံးမစကားပြောတဲ့အခါတော့ လူတွေရှဲသွားပါတယ်။ နောက်ဆုံး ကားတိုင်တက်ချိန်မှာတော့ အမျိုးသမီးများပဲ အနီးကပ်လိုက်လံပြီး၊ တပည့်တော်များကတော့ ခပ်လှမ်းလှမ်းမှာပဲ ဝမ်းနည်းစွာနဲ့ကြည့်နေကြပါတယ်။
.
ယေရှုခရစ်တော် သက်တော်စဉ်နဲ့ယှဉ်ကြည့်ရင်၊လူအများကြီးလာတဲ့ တရားပွဲတွေကတော့ လူကြိုက်များအောင် ပြောဆို၊အမူရာကောင်းသူများဖြစ်ပါတယ်။ သူတို့ပြောစကားကို လူတွေအလွန်နားထောင်လို့ကောင်းပါတယ်။ အထက်ပါ ရုပ်ပုံကိုကြည့်ရင် ဂျိုဝယ်အော်စတင် ဆိုတဲ့ အမေရိကန်နိုင်ငံက ဆရာကြီးတစ်ပါးရဲ့ တရားပွဲဖြစ်တယ်။ လူချမ်းသာ၊ ဆင်းရဲသား အားလုံးကို နှုတ်ကပတ်တော်အကြောင်း ဖြေးညှင်း၊ရှင်းလင်းစွာ နှစ်သိမ့်ပြောကြားနိုင်တဲ့အတွက် အလွန်ကြော်ကြားလှပါတယ်။ ဇနီးသည်နဲ့၂ယောက်တွဲ အားပေး၊ နှုတ်ကပတ်တော် ဟောကြားတဲ့အခါ ရုပ်ရှင်မင်းသား၊ မင်းသမီးအလား အလွန်ကြည့်လို့ကောင်းပါတယ်။ နားထောင်ကြည့်ရင်လည်း အလွန်ခွန်အားရတာကို အံ့သြစဖွယ်ပါပဲ။
.
ဂျိုဝယ်အိုစတင်က ချိုသာစွာပြောကြားပေမဲ့၊ အမူရာ၊ အသံ၊ ဆွဲဆောင်မှုများနဲ့ သီဆို၊ ဝမ်းနည်း၊ သက်သေခံခြင်းများနဲ့ လူတွေကို ဆွဲဆောင်မှုအားကောင်းလှတဲ့ ၊ အနာရောဂါပျောက်ကင်းခြင်းတွေ ၊ နတ်ဆိုးထုတ်ခြင်းတွေ ခပ်ကြမ်းကြမ်းလုပ်တဲ့ ဆရာများလည်း နောက်လိုက်တွေ များလှပါတယ်။ ကျမ်းမာ-ချမ်းသာခြင်း တရားဟောဆရာများ လို့လဲ ပြောနိုင်ပါတယ်။
.
ကျနော်လည်း လူအများကြီးရှိတဲ့ဘုရားကျောင်းတွေကို နှစ်သက်၊ ခွန်အားရခဲ့ပါတယ်။ ဒါပေမဲ့ တကယ်အခက်အခဲနဲ့၊ ဘဝပျက်လုနီးပါး ဖြစ်ရချိန်မှာ လူအများကြီးနဲ့ခွန်အားလုံးဝမရနိုင်တော့ပါဘူး။ လူနည်းနည်းလေး၊ တယောက်ချင်း၊ နှစ်ယောက်ချင်း ဝတ်ပြုခြင်းက ပိုပြီးခွန်အားရပါတော့တယ်။
ဒီလို ကျမ်းမာ၊ချမ်းသာခြင်းတရားများ ဟောတဲ့ဆရာများရဲ့ အသင်းတော်ဟာ၊ လူတွေအများကြီးရောက်လာ၊ နားထောင်ပြီး အလှုငွေများလည်း မြောက်များစွာရပါတယ်။ ထိုတရားဟောဆရာများလည်း သူ့ဖာသာရှိပါစေ။
.
သေချာတာကတော့ နှုတ်ကပတ်တော် အစစ်အမှန်ဖြစ်လာရင်၊ လူတွေမကြိုက်တော့ဘူးဆိုတာပါပဲ။ တရားတော်နဲ့ပျော်မွေ့သူများကတော့ နှုတ်ကပတ်တော်အစစ်အမှန်၊ နောင်တရခြင်း ကို ဟောပါတယ်။ လူတွေရဲ့အပြစ်ကို ဘော်ပြဟောကြားတဲ့ ဓမ္မဆရာများကို အခုခေတ်လူကြိုက်မများတော့ပါဘူး။ ဘုရားသခင်ရဲ့ နှစ်သိမ့်မှုကို ရရှိပြီး ယုံကြည်သူများ၊ အမေရိကားက ဂျွန်မက်အာသာ ရဲ့ တရားဒေသနာ၊ ကျမ်းစာလေ့လာခြင်းများကို နားထောင်၊ ကြည့်ရှုဖို့ တိုက်တွန်းချင်ပါတယ်။ မြန်မာလူမျိုး တရားစစ်မှန် ဟောကြားတဲ့ ဆရာများလည်း များစွာ ရှိပါတယ်။ မိတ်ဆွေရဲ့ အသင်းတော်၊ မိတ်သဟာရ ဝတ်ပြုခြင်းမှာ လူ၂၀၊ ၃၀ လောက်ပဲ ရှိရင်လည်း၊ ယုံကြည်သူအချင်းချင်း ခွန်အားရတဲ့ နှုတ်ကပါတ်တော်ကို ပိုမိုဆွေးနွေးနိုင်ပါတယ်။ လူအများမကြိုက်ပေမဲ့ ဘုရားသခင်ကြိုက်နှစ်သက်ပါတယ်။
.
ယုံကြည်သူများ၊ ခရစ်ယာန်အားလုံး နှစ်သိမ့်မှု၊ ရန်ငြိမ်းမှု၊ ငြိမ်းချမ်းရေးကို ပေးနိုင်ကြရုံသာမက၊ ကယ်တင်ခြင်းရရှိစေပြီး၊ ခရစ်ယာန်အသက်တာကို ကိုယ်တိုင်ရှောက်လှမ်းနိုင်ပါစေ မျှော်လင့်ပါတယ်။
.
.




စင်ကာပူနိုင်ငံနဲ့တရုပ်ပြည်တို့ နှစ်တိုအတွင်း ကမ္ဘာ့ထိတ်တန်း ရောက်ရှိလာခြင်းကို ဆန်းစစ်ကြည့်ရင် ခရစ်ယာန် သမ္မာကျမ်းစာ (မသဲ ၂၂) မှ ကဲသာဘုရင်၏ဥစ္စာ၊ ကဲသာဘုရင်ကိုပေးကြ။ ထာဝရဘုရား၏ဥစ္စာကို ထာဝရဘုရားပေးကြ ..ဆိုတဲ့ ကျမ်းပိုဒ်မှာ အလွန်ကျော်ကြားလှပါတယ်။ ခရစ်ယာန်ဘုရားဖြစ်သော ယေရှု Jesus ပြောစကားဖြစ်ပါတယ်။ ရောမနိုင်ငံတော်-ကဲသာဘုရင် (သြဂတ်စတပ်) အား အခွန်ဆက်သ အပ်ပါသလော ..ဟူသော မေးခွန်းကို ဘုရားကျောင်းက ကျမ်းတတ်များက ယေရှုကို မေးပါတယ်။ အခွန်ဆက်သသင့်ပါသည် လို့ဆိုရင် အဲဒီခေတ်က ရောမအစိုးရကို ပုန်ကန်လိုတဲ့ ဘုရားကျောင်းက ဂျူးလူမျိုးများ ညိုငြင်ကြမယ်။ အခွန်မဆက်သသင့်ပါ လို့ ပြောလျှင် ရောမအစိုးရ ဥပဒေနှင့်တရားစွဲနိုင်ပါတယ်။ ကဲသာဘုရင် ရုပ်ပုံပါသောဒင်္ဂါးကို ကိုင်ပြီး၊ " ကဲသာဘုရင်၏ဥစ္စာ၊ ကဲသာဘုရင်ကိုဆက်ပေးကြလော့..။ ဘုရားသခင်၏ဥစ္စာကို ဘုရားသခင်အား ဆက်ပေးကြလော့.." လို့ ဖြေလိုက်တဲ့အခါ၊ ယေရှုအား ရမယ်ရှာဖမ်းဆီးလိုသူများ အထံတော်က ထွက်ခွာသွားကြ၏.. လို့သမ္မာကျမ်းစာတွင် ရေးသားထားပါတယ်။ .
.
ခရစ်ယာန်များ သူတို့ရဲ့ ကိုယ်ပိုင်အချိန်များနဲ့ကိုယ်ပိုင်ငွေကြေးပိုင်ဆိုင်မှုများ အားလုံးဟာ ဘုရားသခင်ရဲဥစ္စာဖြစ်တယ်လို့ ခံယူခြင်းဟာ သမ္မာတရား အစစ်အမှန်ဖြစ်ပါတယ်။ လက်တွေ့လည်း ကိုယ်ရဲ့ အချိန်/ငွေကြေး ဆယ်ပုံတပုံ ဘုရားကျောင်းကိုပေးခြင်းဟာ မလုပ်မနေရ ခရစ်ယာန်ကျင့်ဝတ်ဖြစ်ပါတယ်။ စေတနာစိတ်နဲ့ပေးလှုသူဟာ ဝင်ငွေရဲ့ တဝက်မက ဘုရားကျောင်းနဲ့ဘုရားဘုန်းတော်ထင်ရှားစေတဲ့ ကျမ်းစာကျောင်းများကို ပံ့ပိုး၊ ပေးလှုကြပါတယ်။



သမ္မာတရားကိုနားလည်လိုသူများအတွက်
.
အသင်းတော်များမှာ သမ္မာတရားကို ဒေါင်ဒေါင်မြည်အောင် လေ့လာဖို့ မဖြစ်နိုင်ပါဘူး။ အလွန်နည်းပါးလှတဲ့ အသင်းတော်တွေမှာပဲ ကျမ်းစာလေ့လာခြင်း၊ ကျမ်းစာသင်ကြားခြင်းများ အပတ်စဉ်၊ ပုံမှန် လုပ်ကြပါတယ်။ အသင်းတော်အများစုကတော့ ကိုယ့်အသင်းသားများအတွက်ပဲ အတွင်းစည်းမှာ ကျမ်းစာလေ့လာ၊ ဆွေးနွေးကြပါတယ်။ အများစု အသင်းတော်တွေကတော့ ကျမ်းစာဆွေးနွေးမှု လုံးဝနီးပါး အလုပ်မခံပါဘူး။ သင်းအုပ်ကျမ်းစာသင်ပေးပြီးရင်၊ ဆုတောင်းချက်တင်၊ သီချင်းဆို၊ ကောင်းကြီးပေးပြီး အဆုံးသတ်လိုက်ပါတယ်။ တချို့အသင်းတော်များဆို အဆက်မပြတ်ဆုတောင်းခြင်းများကို ၂၄နာရီ လုပ်ပါတယ်။ ၂နာရီလောက် သီဆိုချီးမွမ်းခြင်း၊ သီချင်းတပုဒ်တည်းကို တနာရီလောက် သီဆိုချီးမွမ်းခြင်းတွေ လုပ်ပါတယ်။ ဒါမှ စိတ်တွေ နူးညံ့သွားပြီး၊ အသင်းတော် ညီညွတ်မှုကို ရအောင် ကြိုးစားကြပါတယ်။ အသင်းတော်က ထွက်မသွားအောင် လုပ်ရပါတယ်။ အသင်းသားများလာအောင် လုပ်ကြပါတယ်။ ဒီလိုအသင်းတော်မှာ သမ္မာတရားကို ဒေါင်ဒေါင်မည် နားလည်လာဖို့ ကျမ်းစာဆွေးနွေးပွဲတွေ မရှိပါဘူး။
.
အကောင်းဆုံးကတော့ အကယ်ဒမစ် ဆိုတဲ့ ကျမ်းစာကျောင်းများ ဖြစ်ပါတယ်။ အသင်းတော်ဦးစီး ကျမ်းစာသင်တန်းများကတော့ ကိုယ့်အသင်းသားများအတွက်ပဲ လုပ်လေ့ရှိပါတယ်။ ကျမ်းစာသင်တက္ကသိုလ်၊ ကောလိပ်၊ ကျောင်းများကတော့ အနည်းဆုံး ဆာတီဖီကိတ် လက်မှတ်ထုတ်ပေးပါတယ်။ စီမီနာ သတ်မှတ်ချက်များနဲ့ ဒီပလိုမာသင်တန်းများ၊ ဒီဂရီသင်တန်းများ ရှိပါတယ်။ မာစတာ၊ ပီအိတ်ဒီ ပေးနိုင်တဲ့ မြန်မာပြည်မှာ ကျမ်းစာကျောင်းများစွာ ရှိပါတယ်။ မြန်မာလူမျိုး ဓမ္မဆရာများစွာလည်း နိုင်ငံတကာကို ကျမ်းစာကျောင်း သွားတက်ကြပါတယ်။
.
ကျမ်းစာကျောင်းမှာ ကျမ်းစာတွေကို ဆွေးနွေး ကြပါတယ်။ ဟေဗရူး နဲ့ ဂရိဘာသာစကားများလည်း သင်ပေးပြီး၊ ကျမ်းစာ မူရင်းစာများကို ဖတ်ရှု၊ လေ့လာ၊ ဆွေးနွေးရင်း၊ ကျမ်းပြုချက် စာစောင်များကို ရေးသားပြူစုရပါတယ်။ ကျမ်းစာကျောင်းများရဲ့ အဓိကဦးခေါင်းဟာ ခရစ်တော်ပဲ ဖြစ်ပါတယ်။
.
ကာသိုလစ်၊ မက်ဒသစ်၊ အင်ဂလိကန်၊ အောက်သိုဒေါ့စ် စတဲ့ အသင်းတော်များကတော့ ဗဟိုဦးစီးစနစ်နဲ့ အသင်းတော်များကို အုပ်ချုပ်ပါတယ်။ သင်းအုပ်များကို ကျမ်းစာသင်တန်း ဒေါင်ဒေါင်မည်အောင် ပို့ချ၊ အဆင့်မြှင့်ပေးပါတယ်။ အခုခေတ်မှာတော့ ရိုမင်ကာသိုလစ် ဂိုဏ်များမကတော့ပါ၊ ပရိုတက်စတင့်များဖြစ်တဲ့ နှစ်ခြင်း၊ အင်ဂလိကန်၊ မက်သဒစ်၊ လူသာရီယန် စတဲ့အသင်းတော်များ၊ ခပ်ဆန်းဆန်း သမ္မာကျမ်းကိုအမှီပြုတဲ့ မောမွန်၊ ရဟိုဝါသက်သေ ကဲ့သို့သော အသင်းတော်များစွာ ပေါ်လာပါတယ်။ သူတို့ ဂိုဏ်အားလုံးမှာ ကိုယ်ပိုင် ကျမ်းစာကျောင်းများ ရှိပါတယ်။
.
ဒါကြောင့် ကျမ်းစာကို နှိုက်နှိုက်ချွတ်ချွတ်၊ ဒေါင်ဒေါင်မည်အောင် လေ့လာဖို့ ကျမ်းစာကျောင်းက၊ အချိန်ပိုင်းသင်တန်းများ တက်ရောက်ခြင်းကို အားပေးရမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် ကိုယ်နဲ့နီးစပ်တဲ့ ကျမ်းစာကျောင်းဆရာများ၊ သင်းအုပ်များနဲ့ အပတ်စဉ် မှန်မှန် ကျမ်းစာဆွေးနွေး၊ လေ့လာခြင်းဖြင့် သမ္မာတရားကို ပိုနားလည်မယ်။ ဘုရားသခင်နဲ့ ပိုပြီး နီးလာမယ်။ နောက်ဆုံး .. ရှင်ယောဟန်လို့ သခင်ယေရှုရဲ့ နှလုံးခုန်သံကို ကြားရတဲ့အထိ ဘုရားနဲ့နီးကပ်၊ မိတ်သဟာရ ပြုနိုင်မယ်ဖြစ်ပါတယ်။
.
.
 


တစ်ခါက ဆန်ဖရန်စစ္စကိုမှာ
.
တရုပ်ပြည် ဝပ်ချမင်နီး အသင်းတော်များရဲ့၊ ကိုးကွယ်ဝတ်ပြုခြင်းကို အတူပုံမှန် အပတ်စဉ် တက်ရောက်ခဲ့ပါတယ်။ အထူးသဖြင့် ဖိလစ်ပိုင်က ရိုမင်ကာသိုလစ်များစွာ တက်ရောက်ကြပါတယ်။ ဝိုင်းထိုင်ပြီး ကျမ်းစာလေ့လာ၊ ဆွေးနွေးကြပါတယ်။ သင်းအုပ်-ခေါင်းဆောင်ရယ်လို့ မရှိပေမဲ့၊ သြဇာကြီးသူတစ်ဦးက ခေါင်းဆောင်၊ ကျမ်းစာလေ့လာကြပါတယ်။
.
ရဟိုးဝါသက်သေ ဆိုတာ၊ ခရစ်တော်ကို ဘုရားလို့ မသတ်မှတ်ပေမဲ့၊ သမ္မာကျမ်း၊ နှုတ်ကပတ်တော်ကို ငြိမ်းချမ်းရေး၊ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ချစ်ခြင်းများအတွက် သူ့အသင်းသားများ အပတ်စဉ် ကိုးကွယ်ဝတ်ပြုကြပါတယ်။ စင်ကာပူမှာ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်တဲ့အတွက် တရားမဝင်အဖွဲ့အစည်းအဖြစ် အိမ်ထောင်စည်းဝေးအဆင့်တွေပဲ တီတိုး လုပ်နိုင်ပါတယ်။ သူတို့အဖွဲ့သား ၂ဦးစီ၊ စီနီယာ၊ ဂျူနီယာ ယောင်္ကျား၂ဦး (သို့မဟုတ်) မိန်းမ၂ဦး  တအိမ်တက်၊ တအိမ်ဆင်း ဧဝံဂေလိ၊ ယေရှုအကြောင်းများကို ပြောပြကြပါတယ်။ သူတို့ကိုးကွယ်ဝတ်ပြုခြင်းများက အော်ဟစ်သီဆို၊ တီးမှုတ်မှုမရှိပဲ ဗဟိုက ပို့ပေးတဲ့ အခွေကိုဖွင့်ပြီး ဓမ္မသီချင်းဆိုပါတယ်။ အခြားဘာသာစကား၊ အော်ဟစ်ပြောဆိုခြင်း၊ ဟာလေလုရ-လက်မြှောက်၊ ခုန်ပေါက်မှု မရှိပါဘူး။ ငြိမ်သက်စွာ ကိုးကွယ်ဝတ်ပြုပါတယ်။ ဒါပေမဲ့ ခရစ်တော်ကို ဘုရားသခင်ရဲ့ သားတော်လို့ပဲ ခံယူပါတယ်။ ၃ပါးတစ်ဆူကို လက်မခံပဲ တစ်ပါးတစ်ဆူပဲ ဖြစ်ပါတယ်။
.
မော်မွန် အသင်းတော်များလည်း တစ်ပါးတစ်ဆူဖြစ်ပါတယ်။ မူဆလင်များလည်း တစ်ပါးတစ်ဆူဖြစ်ပေမဲ့ မွတ်ဆလင်များရဲ့ ကျမ်းစာဟာ ခရစ်ယာန် သမ္မာကျမ်းနဲ့တော်တော်လေး ဆန့်ကျင့်ပါတယ်။ တူသလိုဖြစ်ပေမဲ့ အာဗြာဟံပဲ တူညီပြီး၊ နောက်ပိုင်းမှာ အာရပ်၊အစ္စရေး ၂မျိုးကွဲသလို ခြားနားပါတယ်။ မွတ်ဆလင်များက ယေရှုကို တမန်တော်တစ်ဦးအဖြစ်ပဲ လက်ခံပါတယ်။ မော်မွန်၊ ရဟိုးဝါသက်သေများနဲ့ တူပေမဲ့ မွတ်ဆလင်များနဲ့ ခရစ်ယာန်များမှာ ထာဝရဘုရား တစ်ဆူပဲ ရှိတာကိုတော့ ယုံကြည်ချက်ခြင်း တူကြပါတယ်။ ကျမ်းတွေက မတူပါဘူး။
.
ဒါတွေ ယုံကြည်ခြင်းတွေကို လေ့လာရင်တော့ အရမ်းခက်ခဲပါတယ်။
.
ဝပ်ချမန်နီး အသင်းတော်က ကျမ်းစာသင်ဆရာက ည ၁၀နာရီလောက် ကျမ်းစာလေ့လာခြင်း မိတ်သဟာရလုပ်ပြီး အိမ်ကို သူ့ရဲ့ကားနဲ့ လိုက်ပို့ပါတယ်။ ဘုရားသခင်ရဲ့ ကောင်းမြတ်ခြင်းများ ပြောရင်း. အလွန်ကြီးမားတဲ့ သစ်ပင်ကြီးကို ကားမီးထိုးထားပြီး၊ ကားကိုရပ်လိုက်ပါတယ်။ ကားမီးပဲ လင်းနေပြီး..ငြိမ်သက်သွားချိန်မှာ သူက သစ်ပင်ကြီး ထိပ်ဖျားကို လက်ညှိုးထိုးပြပါယ်။ ဘုရားသခင်နဲ့ ၂ယောက်ထဲ မိတ်သဟာရပြုခြင်းက အထက်အောက်မိတ်သဟာရဖြစ်တယ်၊ အလွန်အရေးကြီးပြီး၊ အချိန်များများပေးရမယ်ဖြစ်တဲ့အကြောင်း၊ ဒါမှ နှုတ်ကပတ်တော် အမှန်ကို သိလာပြီး ယုံကြည်သူအချင်းချင်း ဘေးတိုက် မိတ်သဟာရဖွဲ့ခြင်းတွေ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်းများစွာနဲ့ လုပ်နိုင်လာမှာဖြစ်ကြောင်း အေးဆေးတည်ငြိမ်စွာ ပြောပြပါတယ်။ ကျေးဇူးအထူးတင်ပြီး..အမြဲသတိရအောက်မေ့စရာ စကားတခွန်းဖြစ်ပါတယ်။
.
အများအားဖြင့် ခရစ်ယာန်များဟာ နှစ်သိမ့်မှုရအောင် ပထမဦးစားပေးဖြစ်ပါတယ်။ ဒီဘဝအတွက် ဘုရားသခင်ကို အော်ဟစ်ဆုတောင်းခြင်း၊ သီဆိုချီးမွမ်းခြင်းနဲ့
၁။ ဘုရားသခင်နဲ့ အထက်အောက် Virtical Relationship အဆက်အသွယ်ပြုခြင်း၊
၂။ ယုံကြည်သူအချင်းချင်း ဘေးတိုက် Horizontal Relation အဆက်အသွယ်ပြုခြင်း တို့ကို လုပ်ကြပါတယ်။
.
.
နိဂုံး
.
ယေဘုယ အနေနဲ့ ဘုရားကျောင်းဆိုတာ နှစ်သိမ့်မှုပေးတဲ့ နေရာဖြစ်ပြီး၊ ကျမ်းစာကျောင်းဆိုတာ နှုတ်ကပတ်တော်အစစ်အမှန်ကို ပေးတဲ့နေရာဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ တကယ်တမ်း နှုတ်ကပတ်တော် အစစ်အမှန်ဟာ ကျိုးပဲကြေမွသော၊ ဘာမှမတတ်နိုင်တဲ့အခြေအနေဲ့ ဘုရားကိုသာ လုံးဝ၊ အားကိုးသူများ နှုတ်ကပတ်တော်အစစ်အမှန်ကို ရသွားကြပါတယ်။
.
ဘုရားနဲ့အဆက်သွယ်ပဲ လုပ်ပြီး အသင်းတော်ကို ပုံမှန်မရောက်တဲ့ စစ်မှန်သောခရစ်ယာန်တစ်ဦး စံပြရှိပါတယ်။ အမေရိကန် သမ္မတကြီး လင်းကွန်းဖြစ်ပါတယ်။ သူ့လက်ထက်မှာ တောင်ပိုင်းသားတွေက ကျွန်စနစ်ကို ကျမ်းစာနဲ့ညီတယ်ဆိုပြီး၊ လက်ခံပါတယ်။ မြောက်ပိုင်းသားတွေက ကျမ်းစာနဲ့မညီတော့ဘူး၊ လူလူချင်း ကျွန်လို့ပိုင်ဆိုင်၊ ရောင်းဝယ်မှုတွေ ရပ်ရမယ် ..ငြင်းခုန်နေချိန်ဖြစ်ပါတယ်။ သမ္မတလင်းကွန်း ကျမ်းကျိန်ပြီးတဲ့နောက် အမေရိကန်ပြည်တွင်းစစ်ကြီး ၄နှစ်ကျော်ဖြစ်ပြီး၊ သန်းပေါင်းများစွာ သေကြေ၊ထိခိုက်ဒဏ်ရာရ ဖြစ်ရပါတယ်။ နောက်ပိုင်း သမ္မတလင်းကွန်း အစိုးရအနိုင်ရရှိပြီး၊ ကျွန်စနစ် ပယ်ဖျက်ခဲ့ပါတယ်။
.
သမ္မတလင်ကွန်း ကျမ်းစာကို အလွတ်နီးပါး ရပါတယ်။ ကျမ်းစာတစ်အုပ်ထဲကို နှစ်ပေါင်းများစွာ သင်ကြားပြီး၊ လက်စွဲပြုခဲ့ပါတယ်။ သမ္မာကျမ်းစာကို ဒေါင်ဒေါင်မြည်အောင် နားလည်၊လေ့လာပြီး အမေရိကန်သမ္မတ အိမ်တော်မှာ အပတ်စဉ် ကျမ်းစာလေ့လာ၊ ဆွေးနွေးပွဲတွေ လုပ်ခဲ့ပါတယ်။ သူ့ကိုအားကျပြီး ဘုရားကျောင်းသွားစရာမလိုဘူး.. မလုပ်သင့်ပါဘူး။ မိမိကိုယ်ကိုယ် ဟုတ်လှချည်မထင်ဖို့၊ နီးစပ်ရာ ဘုရားကျောင်းမှာ မိတ်သဟာရပြုလုပ်ဖို့လိုအပ်ပါတယ်။
.
ရေးတာတော့ တော်တော်ရှည်သွားပါပြီ။ အခုခေတ်က ၃မိနစ် ယူတြုလို ဗီဒီယိုတွေနဲ့ပဲ ပညာပေး၊ အတိုလေးတွေ ခေတ်ဖြစ်ပါတယ်။ သည်းခံ ဖတ်ရှုသူအားလုံးကို ကျေးဇူးတင်ပါတယ်။ အသင်းတော် သင်းအုပ်၊ တာဝန်ခံများရဲ့ ပလ္လင်ပေါ်မှာတော့ အလွန်လှပတဲ့ ချီးမွမ်းစကားများ၊ ချိုသာလှပေမဲ့ တကယ်ပေါင်းကြည့်တော့ လူသားပီသစွာ ငါဝါဒ၊ ညစ်ပတ်၊အဝတ်စုတ်များကို အတွင်းကျကျတွေ့ပြီး၊ အသင်းတော်က ထွက်သွားခြင်းဟာ လက်လျှော့အရှုံးပေးတာနဲ့ တူပါတယ်။ မိမိကိုယ်တိုင် နှုတ်ကပတ်တော်နဲ့အညီ အသင်းတော်မှာ မီခွက်လို နမူနာပြ၊ မျက်နှာပြပြီး၊ လူတွေကို 'ထိုသူတို့သည် မသိ၍ပြုကြသောကြောင့် ခွင့်လွှတ်တော်မူပါ' ဆုတောင်းပေးဖို့လိုပါတယ်။ မိမိကိုယ်တိုင်က မှားနေတာများစွာလည်း ကျိုးပဲကျေမွသောနှလုံးသားနဲ့ ဝန်ခံပြင်ဆင်ဖို့လိုအပ်ပါတယ်။
.
 နှုတ်ကပါတ်တော် ဒေါင်ဒေါင်မြည်ပြီး၊ ဘယ်နေရာပဲရောက်ပါစေ..ဘုရားသခင်နဲ့အတူသွားလာတတ်သူ၊ နှုတ်ကပါတ်တော်အားဖြင့် လွတ်ခြင်းကိုရရှိသူများ ဖြစ်ကြပါစေ၊ ဘုရားသခင်ဘုန်းတော်ထင်ရှား ပါစေလို့ ဆုတောင်းလိုက်ပါတယ်။ မုရန်

No comments: