Sunday, July 4, 2010

ကျွန်တော်နှင့် ရွှေငါးကလေးများ၊ ကြယ်ကလေးများ အံ့သြဘွယ်

အံ့သြဘွယ် ရွှေငါး၊ ကြယ်ကလေးများ နဲ့အတူ ဘုရားကျေးဇူးတော် Amazing Grace
How Big Are We?
ကျွန်တော့်ထမင်းစားစားပွဲ၏ ရှေ့မလှမ်းမကမ်းတွင် စားပွဲတစ်လုံးရှိရာ ထိုစားပွဲပေါ်၌ ကျွန်တော်တို့ရုံးမှ မန်နေဂျာ တစ်ယောက်၏ အလှမွေး ငါးကန်တစ်ခု ရှိသည်။ ကန်ထဲ၌ ရွှေငါးလေး နှစ်ကောင်ကို မွေးမြူထားသည်။ တစ်ကောင်မှာ ခပ် ကြီးကြီး၊ တစ်ကောင်မှာ ခပ်သေးသေးဖြစ်၏။ကျွန်တော်အလုပ်မှ ပြန်လာချိန်မှာ ညနေ ခုနစ်နာရီခန့်ဖြစ်သည်။ အလုပ်မှ ပြန်ရောက်ရောက်ချင်း ချက်ပြုတ်၊ ရေမိုးချိုးကာ စားပွဲ၌ အကျအနထိုင်လျှက် ညနေစာကို သေသေချာချာ စားလေ့ရှိ၏။ (သေသေချာချာ စားသည်ဟု ဆိုရခြင်းမှာ တောင်တောင်အီအီမတွေးဘဲ ထမင်း၌သာ အာရုံဝင်စားလျှက် အေးအေးဆေးဆေးစားခြင်းကို ဆိုလိုပါသည်။)ထမင်းစားပြီးလျှင် အိုးခွက်ပန်းကန်အားလုံးကို ဆေးကြော၏။ အားလုံးပြီးပြီဆိုမှ စားပွဲတွင် အကျထိုင်ကာ သစ်သီး တစ်မျိုးမျိုးကို စားပြီး ကော်ဖီတစ်ခွက်ကို ဇိမ်ဆွဲကာ အရသာခံလည်း သောက်လိုက်ပါသေးသည်။ ထိုသို့ အသီးစားနေစဉ် နှင့် ကော်ဖီသောက်နေစဉ်တွင်မူ ထမင်းစားစဉ်ကကဲ့သို့ ဘာမှမတွေးပဲ မနေနိုင်တော့ပါ။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော့်မျက်စိ ရှေ့တွင် ငါးနှစ်ကောင် လူးလာခေါက်ပြန် ကူးခပ်နေသည်ကို တွေ့နေရ၍ ဖြစ်သည်။ငါးနှစ်ကောင် အရှေ့နှင့်အနောက်၊ အထက်နှင့်အောက် မရပ်မနားကူးခပ်နေသည်ကို ကြည့်ရင်း ကျွန်တော့်တွင် တွေး စရာများ ရလာပါသည်။ ကျွန်တော် နေ့တိုင်းအလုပ်ကပြန်ရောက် ထမင်းစားပြီး မည်သည့်အခါမဆို ကြည့်လိုက်တိုင်း ထို ငါး နှစ်ကောင်မှာ ထိုအတိုင်း မရပ်မနား ဆက်တိုက် လူးလာတုံ့ပြန် ကူးခပ်နေသည်ကိုသာ တွေ့နေရသည်။ မနေ့ကလဲ ဒီအတိုင်း၊ ဒီနေ့လဲ ဒီအတိုင်း။ နက်ဖြန်လဲ ဒီအတိုင်း ဆက်လက်ကူးခပ်နေဦးမည်သာ ဖြစ်သည်။
http://burmesebible.com/story/goldfish.htm

No comments: