Tuesday, January 12, 2016

လူသားတွေကို ဘယ်လိုကူညီနိုင်မလဲ

မနေ့က ပရောဖက်ဆာ ဒေါက်တာဆိတ်ဖွား ဝတ္တု ပဉ္စမအကြိမ်ထုတ်ဝေခြင်း ဘုမ္မာဝတီစာပေ နိုဝင်ဘာ ၂၀၁၅ ကို ဖတ်မိပါတယ်။ လျို့ဝှက်သဲဖိုစာအုပ်မှာ တပည့်ဖြစ်သူ အိုလံ အတွက်လက်စားချေပြီး ပရော်ဖက်ဆာဆိတ်ဖွားက လူသတ်မိတယ်။ တကယ်တော့ သူ့တပည့် အိုလံ ဆိုတာ ဆားပုလင်းနှင်းမောင် လွှတ်ပေးထားတဲ့ စုံထောက်ဖြစ်နေမှန်း သိသွားတော့၊ လောကကြီးကိုစိတ်ပျက်မိတယ်။ အိုလံ အလွန်သနားတဲ့ မိန်းကလေးကို ပရောဖက်ဆာဆိတ်ဖွားက ကူညီခဲ့မိတာ အကျိုးနည်းဖြစ်ရတယ်။ နောက်ဆုံး လူသတ်မှုနဲ့ သေဒဏ်ကျတော့မဲ့ ပရောဖက်ဆာ ဆိတ်ဖွားကို ဆားပုလင်းနှင်းမောင်က ခင်ဗျားရဲ့ရန်သူကတော့ ခင်ဗျားစိတ်ထဲမှာရှိတဲ့ လက်စားချေချင်တဲ့ မကောင်းတဲ့စိတ်ထားပဲ လို့ပြောလိုက်တယ်။ ပရောဖက်ဆာ ဆိတ်ဖွားကတော့ ဆားပုလင်းနှင်းမောင်ကို သတ်ရမှကြေနပ်မယ် ဆိုပြီး ကြိမ်းဝါးရင်း အဆုံးသပ်ထားပါတယ်။
.
စိတ်ဝင်စားမိတဲ့အချက်တွေက
၁။ ပရောဖက်ဆာ ဆိတ်ဖွား ပြုစုဆဲဖြစ်တဲ့ လောကနိတိ ကျမ်းကြီးကို လွှင့်ပစ်လိုက်တယ် ဆိုတာကို စိတ်ဝင်စားမိပါတယ်။
၂။ စာရေးဆရာ မင်းသိင်္ခ ဆီ မင်းသိင်္ခ အထုပ္ပတိ ရေးချင်တဲ့လူငယ်စာရေးဆရာကို ငြင်းလိုက်တယ်။ အကြံပြန်ပေးလိုက်တာကတော့ ...မြန်မာနိုင်ငံအတွက် စွန့်လွှတ်အနစ်နာခံလုပ်သွားသူများအားလုံး ပါတဲ့ ဝတ္တုတစ်ခုရေးစေလိုပါတယ်..တဲ့။
.
သင်္ခန်းစာ
 လောကနိတိကျမ်းကို လွှင့်ပစ်လိုက်ပြီး လက်စားချေလိုစိတ်ကြီးတဲ့ ပရော်ဖက်ဆာဆိတ်ဖွား က လူတွေကိုကူညီပေမဲ့ ကိုယ်ပဲခံရလေ့ရှိတယ်။ လူတွေဟာ ကျေးဇူးမသိတတ်ပါဘူး... ဆိုတာကိုတော့ လက်ခံရပါမယ်။ ဒါပေမဲ့ သူရေးတဲ့စာထက် အဓိပ္ပါယ်ပိုရှိတဲ့ သမ္မာကျမ်းစာဆိုတာ ရှိနေတာကို မင်းသိင်္ခ လက်ခံနိုင်တာအမှန်ပါပဲ။ မင်းသိင်္ခ ကိုယ်တိုင်က သူဟာ သာမန်လူတစ်ယောက်လို့ ခံယူတာကိုလဲ အလွန်လေးစားမိပါတယ်။ မကြာခင်က သေဆုံးသွားတဲ့ စင်ကာပူခေါင်းဆောင်ကြီး လီကွမ်းယူ သူသေပြီး သူ့အိမ်ကိုဖျက်ဖိုက သေတမ်းစာရေးထားပါတယ်။ အလားတူပဲ မင်းသိင်္ခ သူ့အထုပ္ပတိကို ရေးမသွားပေမဲ့ သူ့ဘဝဇတ်လမ်းကတော့ ရေးတဲ့လူပေါ်လာမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ စစ်အာဏာရှင်အုပ်ချုပ်ရေးးက လွတ်ဖို့ မင်းသိင်္ခ တစ်ထောင့်တနေရာက ပါဝင်ပေးဆပ် အကျဉ်းချ ခံသွားခဲ့ပါတယ်။
.
သခင်ယေရှု
လူတွေကို ကူညီခဲ့ပါတယ်။ ကူညီခြင်းရဲ့ရလဒ်ကတော့ အသက်ကိုပါပေးဆပ်ခဲ့တာပါ။
.
လူ့ဘဝ
သခင်ယေရှုက လူ့လောကမှာ ဘယ်လိုနေထိုင်ရမယ်ဆိုတာ လက်တွေ့ပြသသွားပါတယ်။ လောကကြီးက တကယ်တော့ မတရားပါဘူး။ မတရားမှုကို တော်လှန်ချင်ရင်တော့ အသက်ပါပေးဆပ်ရပါလိမ့်မယ်။ မတရားမှုကို ငြိမ်ခံနေရင်လဲ လူညံ့ဖြစ်နေမှာပါ။ ဘာအလုပ်ပဲ ဖြစ်ပစေ..ကိုယ်တတ်နိုင်တဲ့အထိတော့ မတရားမှုကို တော်လှန်နေချင်တာ လူ့သဘာဝပါပဲ။
.
လူတိုင်းစိတ်ကောင်းစေတနာရှိသည်
သည်အဆိုကို လူတော်တော်များများက ထောက်ခံမှာမဟုတ်ပေမဲ့၊ ခြွင်းချက်တစ်ခုပေးထားရင်တော့ ထောက်ခံကြပါလိမ့်မယ်။ ခြွင်းချက်ကတော့ မိမိဒုက္ခရောက်မှာကိုမလိုလားပါ ...။ လူတစ်ယောက် ကိုယ့်ကိုဒုက္ခပေးနေတယ်ဆိုရင် သူ့မှာလဲ ဒုက္ခရှိနေလို့ သူဒုက္ခမရောက်ချင်လို့ ကိုယ့်ကိုစိတ်ကောင်းစေတနာရှိပေမဲ့ ဒုက္ခပေးသလို ဖြစ်သွားရတာပါ။
.
ပြသနာအဖြေရှာနည်း
ဘယ်လိုဒုက္ခဆင်းရဲကြုံတွေ့ပါစေ၊ သခင်ယေရှုကို ယုံကြည်သူတစ်ဦးအတွက် သမ္မာကျမ်းစာကို နှလုံးသားထဲ စွဲနေတဲ့လူတစ်ယောက်အဖို့တော့ သေရမှာမကြောက်တော့ပါဘူး။ ဟေရှာယ ၅၃ မှာ မတရားစွာခံရသူအကြောင်း ပရောဖက်ပြုခဲ့ပါတယ်။

ဟေရှာယအနာဂတ္တိကျမ်း   Isaiah
၅၃
            ၁ငါတို့ဟောပြောသော သိတင်းစကားကို အဘယ်သူ ယုံသနည်း၊၊ ထာဝရဘုရား၏ လက်တော်သည် အဘယ်သူအား ထင်ရှားတော်မူသနည်း၊၊ ၂ထာဝရဘုရား၏ ကျွန်သည် အညွန့်ကဲ့သို့၎င်း ၊ သွေ့ခြောက်သောမြေ၌ ပေါက်သော အတတ်ကဲ့သို့၎င်း၊ ရှေ့တော်၌ ကြီးပွား၏၊၊ ပမာဏပြုစရာ အဆင်းတင့်တယ်ခြင်းမရှိ၊၊ ချစ်လိုဘွယ်သော မျက်နှာ လက္ခဏာနှင့် မပြည့်စုံ၊၊ ၃မထီမဲ့မြင် ပြခြင်းကိုခံ၍၊ လူတို့တွင် အယုတ်ဆုံးသောသူ ဖြစ်၏၊၊ ငြိုငြင်သောသူ၊ နာကြည်းခြင်း ဝေဒနာနှင့် ကျွမ်းဝင်သောသူဖြစ်၏၊၊ သူတပါးမျက်နှာ လွှဲခြင်းကို ခံရသော သူကဲ့သို့ဖြစ်၏၊၊ မထီမဲ့မြင် ပြုခြင်းကို ခံလျက်ရှိ၍ ငါတို့သည် မရိုသေကြ၊၊ ၄သို့သော်လည်း၊ ထိုသူသည် ငါတို့အနာရောဂါ ဝေဒနာများကို ယူတင် ဆောင်ရွက်လေ၏၊၊ ဒဏ်ခတ်တော်မူခြင်းကို၎င်း၊ ဘုရားသခင်ဆုံးမ၍ နှိမ့်ချတော်မူခြင်းကို၎င်း ခံရသောသူ ဖြစ်သည်ဟု ငါတို့သည် ထင်မှတ်ကြပြီ၊၊ ၅ထိုသူသည် ငါတို့လွန်ကျူးသော အပြစ်များကြောင့်၊ နာကျင်ထိုးခြင်း၊ နှိပ်စက်ခြင်းကိုခံရလေ၏၊၊ ငါတို့၏ ငြိမ်သက်ခြင်း၊ ချမ်းသာကို ဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ်သို့ရောက်၍ သူခံရသောဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက်ရှိကြ၏၊၊ ၆ငါတို့ရှိသမျှသည် သိုးကဲ့သို့ လမ်းလွဲလျက်၊ ကိုယ်လမ်းသို့ အသီးသီးလိုက်သွား ကြသည်ဖြစ်၍ ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏အပြစ်များကို သူ့အပေါ် တင်တော်မူ၏၊၊ ၇ထိုသူသည် ညှင်းဆဲခြင်းနှင့် နှိမ့်ချခြင်းကိုခံ၍ နှုတ်ကို မဖွင့်ဘဲနေ၏၊၊ အသက်သတ်ခြင်းငှါ ဆောင်သွား သော သိုးငယ်ကဲ့သို့သူ့ကို ဆောင်သွား၍၊ သိုးသည် အမွေးညှပ်သော သူရှေ့မှာမမြည်ဘဲနေသကဲ့သို့၊ သူသည် နှုတ်ကိုမဖွင့်ဘဲနေ၏၊၊ ၈မတရားစွာစီရင်ခြင်းအားဖြင့် သူ့ကိုထုတ်သွားကြသည်၊၊အသက်ရှင်သော သူတို့၏နေရာမှ သူ့ကို သုတ်သင်ပယ်ရှင်းသည်ဖြစ်၍၊ သူ၏အမျိုးအနွှယ်ကို အဘယ်သူပြညွှန်မည်နည်း၊၊ ငါ၏လူမျိုးအပြစ်ကြောင့် ဒဏ်ခတ်တော်မူခြင်းကို ခံလေ၏။ ၉ပြစ်မှားခြင်းကိုမပြု၊၊ သူ၏နှုတ်၌ မုသားမရှိသော်လည်း၊ လူဆိုးတို့နှင့်အတူ မြေမြှုပ်ခြင်းငှါ စီရင်ကြ၏၊၊ သို့ရာတွင် သေပြီးမှသူဌေး၌ရှိ၏၊၊
.
.
ဟေရှာယ ပရောဖက်ပြုတဲ့အတိုင်း နှစ်၅၀၀ အကြာမှာ သခင်ယေရှု မွေးဖွားလာပါတယ်။ လူသားတွေကို တရားပြ၊။ တန်ခိုးပြပြီး၊ လက်ဝါးကပ်တိုင်မှာ အသေခံပါတယ်။ သေခြင်းရဲ့တခါးဝ တဖက်မှာ ကောင်းကင်ဘုံရှိတယ်ဆိုတာ ရှင်ပြန်ထမြောက်ခြင်းနဲ့ လက်တွေ့ပြခဲ့ပါတယ်။ ယေရှုချစ်တော်မူသော တပည့်တော် ရှင်ယောဟန်ကျမ်းမှာ လူသားတွေကို ကူညီဖို့ရေးသားထားပါတယ်။  
ရှင်ယောဟန်ခရစ်ဝင်
John ၂၁ ယေရှုက၊ ငါ၏သိုးတို့ကို ကျွေးမွေးလော့။ ၁၈ငါအမှန်အကန်ဆိုသည်ကား၊ သင်သည် ပျိုသောအသက်ရှိစဉ် ကိုယ်ကို ကိုယ်ပတ်စည်း၍ အလိုရှိရာအရပ်ရပ်သို့ သွားလာတတ်၏။  သင်သည် အိုသောအခါ လက်နှစ်ဖက်ကို ဆန့်ပြီးလျှင်၊ သူတပါးသည် သင့်ကိုပတ်စည်း၍ သင်အလိုမရှိရာအရပ်သို့ ယူသွားလိမ့်မည်ဟု မိန့်တော်မူ၏။ ...... ယေရှုပြုတော်မူသော အခြားအမှုအရာအများ ရှိသေး၏။ ထိုအမှုအရာ ရှိသမျှတို့ကို အသီးအခြားရေးထားလျှင်၊ မြေကြီးမဆံ့နိုင်အောင် ကျမ်းစာများပြားလိမ့်မည်ဟု ထင်မှတ်ခြင်းရှိ၏။

လူသားတွေကို ဘယ်လိုကူညီနိုင်မလဲ ..ဆိုတော့.. နှုတ်ကပတ်တော်ကို နေ့ညမပြတ် ဆင်ခြင်အောက်မေ့ပြီး၊ အနီးဆုံးရှိတဲ့ ကိုယ်အနီးကလူကို နားလည် ပုံသက်သေပြနိုင်ဖို့ပဲ ဖြစ်ပါတယ်။ 

No comments: